၂၀၁၆ နတ်မောက် ဓမ္မဒူတ ခရီးစဉ်

ယောဂီ မိဘဆွေမျိုးများ အားလုံး မင်္ဂလာပါ။

ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးအဖွဲ့ (သန့်တည်ပွား) သည် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဆင်သေကန်ရွာမှ ယောဂီများ၏ ဖိတ်ကြားမှုဖြင့် မတ် ၂၂ မှ စတင်၍ ဆင်သေကန်ရွာရှိ ရွာဦးမီးလမ်း ကျောင်းတိုက်တွင် လူငယ်များအတွက် ယဉ်ကျေးလိမ္မာ သင်တန်း၊ ဒေသခံများအတွက် အဓိဌာန်တရားစခန်းနှင့် တရားဆွေးနွေးပွဲများကို ကျင်းပကာ သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။

အနီးနားရှိ အခြားဖိတ်ကြားထားသော ရွာများနှင့်နေအိမ်များသို့လဲ သန့်တည်ပွား ထာဝရယောဂီများသည် တာဝန်အသီးသီးခွဲယူ၍ သာသနာပြုလုပ်ငန်းများကို ကျယ်ပြန့်စွာ တပြိုင်တည်းဆောင်ရွက်နေပါသည်။

သာသနာပြုလုပ်ငန်းနှင့်အတူ ထိုရွာအသီးသီးမှ ကျောင်းသားကျောင်းသူများအတွက် စာအုပ်၊ ဘောပင်၊ ကျောင်းအင်္ကျီ တို့ကို ၎င်း၊ ဒေသခံများအား ဆရာဦးမြင့်လွင် (သန့်တည်ပွား) ၏ အပါယ်ပိတ်တရားစာအုပ် နှင့်အတူ စားသောက်ပစ္စည်းများကို ၎င်း၊ တရားပွဲကျင်းပရာ ဘုန်းကြီးကျောင်းများအတွက် လှူဖွယ်ပစ္စည်း အစုစုတို့ကို ၎င်း သန့်တည်ပွားအဖွဲ့မှ စုပေါင်း အလှူဒါနအဖြင့် လှူဒါန်းခဲ့ပါသည်။

ဇီဝိတဒါနအနေဖြင့် ဒေါက်တာအောင်သူငြိမ်း (ငြိမ်းသီတာဆေးခန်း) မှ ဒေသခံ ရွာသူရွာသားများအား အခမဲ့ ဆေးကုသပေး၍ ဆေးဝါးများကိုလဲ လှူဒါန်းခဲ့ပါသည်။
သန့်တည်ပွား ၏ နတ်မောက် ဓမ္မဒူတ ခရီးစဉ်အတွင်း ပြုခဲ့ပြီးသော ကုသိုလ်များနှင့် ပြုလုပ်နေဆဲ ကုသိုလ်အဝဝတွေကို ၃၁ဘုံသား အားလုံးတို့အား ထပ်တူထပ်မျှ ရကြစေခြင်းငှာ ကိုယ်ရောစိတ်ပါ ဝမ်းမြောက်စွာဖြင့် အမျှပေးဝေလိုက်ပါသည်။

အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓုသာဓု သာဓု။

Leave a Reply