ဆရာဦးမြင့်လွင်၏ ကိုယ်ရေးအကျဉ်း

U Myint Lwin
ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန်ပွားရေးအဖွဲ့ (သန့်-တည်-ပွား) ကို

စတင် တည်ထောင်ခဲ့သူ ဆရာဦးမြင့်လွင်၏ ကိုယ်ရေးအထုပ္ပတ္တိအကျဉ်း

ယောဂီများအားလုံး မင်္ဂလာပါ။

ဆရာဦးမြင့်လွင်ကို အဘ ဦးဆာလင်၊ အမိ ဒေါ်ခင်နွဲ့တို့မှ ၁၉၅၉ တွင် မြိတ်မြို့ တပ်ပြင်ရပ်တွင် မွေးဖွား သန့်စင် ခဲ့ပါသည်။ ၁၉၇၆ တွင် အခြေခံပညာ အထက်တန်းကို အောင်မြင်ခဲ့ပြီး ၁၉၈၀ တွင် ဘူမိဗေဒ အဓိက ဘာသာရပ်ဖြင့် B.Sc သိပ္ပံဘွဲ့ကို ရယူခဲ့ပါသည်။ ၁၉၈၁ တွင် B.Sc Hons: ကို ရရှိခဲ့ပြီး M.Sc မဟာသိပ္ပံ (ကျမ်းပြု) ကို ၄ နှစ်တာ ကျမ်းပြုရင်း တက္ကသိုလ်တွင်လဲ သရုပ်ပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၈၃ ခုနှစ် တွင် မဟာသိပ္ပံကျမ်းပြုရန် ဇာတိမြို့ဖြစ်သော မြိတ်မြို့သို့ ပြန်လာစဉ် သူငယ်ချင်းဖြစ်သူ မှ စမ်းတဝတ််ကျေးရွာရှိ သဲအင်းဂူရိပ်သာ သို့ ခေါ်ဆောင်သွားမှုကြောင့် လက်ဦးကမ္မဋ္ဌာန်းဆရာဖြစ်သော ဆရာတော်ဦးဝါယမ နှင့် စတင်တွေ့ရှိခဲ့ပြီး ၀ိပသနာတရားကို လက်တွေ့ စတင်အားထုတ်ဖြစ်ခဲ့သည်။ ဆရာ့၏ အတိတ်ပါရမီရင့်သန်မှုကြောင့် ဆရာတော်နှင့် ပထမဦးဆုံး စတင်အားထုတ်စဉ်မှာပင် ဆရာတော်တင်ပေးသော ဝေဒနာရှုကွက် နှင့် အသုဘရှုကွက်တို့ကို ၄နာရီ တရားတထိုင်အတွင်း၌ ခန္ဓာဉာဏ်ရောက် သဘောပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ဆရာသည် ကိုယ်တိုင်သိမြင်ခဲ့သော ဓမ္မသဘောကို မိမိကိုယ်တိုင်ဆက်လက် ကျင့်ကြံအားထုတ်ပြီး မိတ်ဆွေသင်္ဂဟများကိုလဲ တရားအားထုတ်ဖြစ်စေရန် မိမိအိမ်ကို ၂၄နာရီ ဓမ္မရုံအဖြစ် ဖွင့်လှစ်လှူဒါန်းခဲ့သည်။ ထို့အပြင် ကော့သောင်းမြို့သို့ ကြွရောက်လာသော နိုင်ငံကျော်ဓမ္မကထိကများ၊ ဆရာတော်များ နှင့် လူပုဂ္ဂိုလ်သာသနာပြုများအား ဥပသကာ အဖြစ် မိမိနေအိမ်တွင် သီတင်းသုံးစေကာ ပစ္စည်းလေးပါးတာဝန်ယူ စောင့်ရှောက်၍ သာသနာတော်အတွက် ကူညီပံ့ပိုးပေးခဲ့သည်။

၁၉၈၅ တွင် စီးပွားရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပြုလုပ်ခြင်း၊ ကော့သောင်းမြို့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း စသောလုပ်ငန်းများကို ပြုလုပ်ကာ မိမိ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများကို အောင်မြင်သည်အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ဆရာဦးမြင့်လွင်သည် တစ်ဖက်မှ စီးပွားရေး လူမှုရေး ကိစ္စများကိုဆောင်ရွက်နေစဉ်အတွင်း တစ်ဖက်မှလည်း ဘာသာရေး သာသနာရေး ကိစ္စများကို မိမိစွမ်းနိုင်သမျှဆောင်ရွက်ခဲ့ပါသည်။

၁၉၉၄ တွင် လက်ရှိပြုလုပ်နေသော စီးပွားရေး လုပ်ငန်းများကို စွန့်လွှတ်ကာ ဘာသာရေး သာသနာရေး လုပ်ငန်းများကိုသာ စူးစူးစိုက်စိုက် တစိတ်တည်း ထားကာ ဆောင်ရွက်ခဲ့သည်။ ဆရာဦးမြင့်လွင်သည် ကော့သောင်းမြို့ရှိ ရွှေသာလျောင်းစေတီတော်မြတ်ကြီးကိုလဲ ဘုရားဒါယကာအဖြစ် လှူဒါန်းသမှုပြုခဲ့ပါသည်။ ထို့အပြင် ကော့သောင်းမြို့ သဲအင်းဂူဓမ္မာရုံကြီးကို တာဝန်ယူကာ စတင်၍ ဦးဆောင် တည်ထောင်ခဲ့ပါသည်။ မူလသဲအင်းဂူဆရာတော်ကြီး၏ တရားမှတ်တမ်းများကိုလဲ တပည့်ရင်း ဆရာတော်များနှင့် ပူးပေါင်း၍ တရားခွေဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပါသည်။ သဲအင်းဂူဆရာတော်ကြီး၏ တပည့်ရင်း ဆရာတော် တစ်ပါးဖြစ်သော သုံးခွမြို့မှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ သုသာန်ဆရာတော် ဦးသာသန ၏ သြဝါဒကို ခံယူ၍ ဆရာတော်နှင့်အတူ ကပ္ပိယအဖြစ် ဓမ္မဒူတခရီးစဉ်များကိုလိုက်လံရင်း ဆရာတော်ထံမှ ပရိယတ် ပဋိပတ် တို့ကို ဆည်းပူးလေ့လာခဲ့ပါသည်။ ၁၉၉၇ တွင် သုသာန်ဆရာတော်ကြီး၏ဦးဆောင်မှုဖြင့် သဲအင်းဂူဆရာတော်ကြီး ဓါတ်တော်များကိုလဲ ကော့သောင်မြို့သို့ ပင့်ဆောင်ကာ ဓါတ်တော် ပူဇော်ပွဲနှင့် တရားပွဲများကိုလဲ ကျင်းပခဲ့ပါသည်။

၂၀၀၁ ခုနှစ်တွင် ကမာရွတ်မြို့နယ် မြကန်သာဓမ္မာရုံ တရားပွဲများမှ စတင်၍ လူပုဂ္ဂိုလ်သာသနာပြုလုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ခဲ့ပါသည်။ ပရိယတ္တိသာသနာတော် အတွက် မိမိကိုယ်တိုင် စာပေကျမ်းဂန်များကို ဖတ်ရှုလေ့လာခြင်း ၊ မိမိသိလိုသည်များကို ဆရာတော်ကြီးများထံ သြဝါဒခံယူလျှောက်ထားခြင်း ၊ သင်ယူခြင်း ၊ မိမိလေ့လာသိရှိထားသောတရားဓမ္မများကို ( မှန် – တို – ရှင်း ) နည်းလမ်းဖြင့် ဗုဒ္ဓသာသနာဝင်များ နားလည် လွယ်စေရန် ဆွေးနွေးခြင်း ၊ စာရေးသားခြင်း ပြုလုပ်ခဲ့သည်။ ပဋိပတ္တိသာသနာတော်အတွက်လဲ မိမိကိုယ်တိုင် ဝိပဿနာ တရားများကို ပွားများအားထုတ်ခြင်း၊ ဆရာတော်ကြီးများထံတွင် လေ့လာသင်ယူခြင်း၊ မြန်မာပြည်နေရာ အသီးသီးတွင် ရိပ်သာအသီးသီးတွင် ပုဂ္ဂိုလ်စွဲ ရိပ်သာစွဲမထားဘဲ တရားလိုက်လံပြသခြင်း၊ အဓိဌာန်တရားပွဲများ ပြုလုပ်ပေးခြင်း တို့ဖြင့်သာသပြု ခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင် ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်နာယက ၊ မှော်ဘီ သာသနာ့ဝန်ဆောင် ကျောင်းတိုက် မှ ပဓါန နာယက ဆရာတော် ဘဒ္ဒန္တ အရှင်စန္ဒသီရီ (ဓမ္မစရိယ၊ ၀ိနိယဝိဒူ) ၏ သြဝါဒကိုခံယူ၍ ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ( သန့် တည် ပွား ) အဖွဲ့ ကို စတင်တည်ထောင်ခဲ့သည်။ သြဝါဒ ဆရာတော်ဘုရားကြီး၏ လမ်းညွန်ဆုံးမမှုများ ၊ အလှူ ရှင်ယောဂီများ၏ ပူးပေါင်းပါ၀င်ပံ့ပိုးမှုများနှင့်အတူ ၂၀၀၇ ခုနှစ်တွင် ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ် ၊ ငါးဆူတောင် ကျေးရွာ ၊ အမှတ် ၅ ရပ်ကွက်တွင် မြင့်မြတ်အလင်းရိပ်သာကို စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။

၂၀၀၇ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ထာဝရယောဂီများအား အဖွဲ့နှင့် ရိပ်သာ၏ သာသနာပြုလုပ်ငန်းအဝဝကို ပခုံးပြောင်းတာဝန် လွှဲအပ်ခဲ့သည်။ ထာဝရယောဂီတပည့်များအား တစ်ဦးကောင်း တစ်ယောက်ကောင်းမဟုတ်ဘဲ အလှည့်ကျဦးဆောင်စေကာ ညီညွတ်စွာဖြင့် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ မြင့်မြတ်အလင်းရိပ်သာနှင့် စစ်ကိုင်းတိုင်း ရွှေမင်းဝံရပ်ရှိ မြင့်မြတ်အလင်းရိပ်သာတို့တွင် စုပေါင်း သာသနာ ပြုစေခဲ့သည်။
၂၀၁၀ ခုနှစ်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ဆေးတလုံးကျေးရွာရှိ မြင့်မြတ်အလင်း ကောဖီခြံတွင် တပါးဆောင်များကို ထာဝရယောဂီများ ပဋိပတ်အကျင့်ကို တစ်စိတ်ထဲထားကာဧကစာရီကျင့်ကြံနိုင်ရန် SNPP ရိပ်သာကို တည်ထောင်ခဲ့သည်။

ဆရာဦးမြင့်လွင်ဟောကြားသောတရားတော်များတွင် အပါယ်ပိတ်တရားသည် ထင်ရှားသောတရား တပုဒ် ဖြစ်ပါသည်။ တရားစာအုပ်များတွင်လည်း “အပါယ်ပိတ်တရားစာအုပ်” သည် အထင်ရှားဆုံးဖြစ်ပြီး အင်္ဂလိပ်ဘာသာ ၊ တရုတ်ဘာသာ ၊ ဂျပန်ဘာသာနှင့် ထိုင်းဘာသာများသို့ပြန်ဆိုထားပြီး အဆိုပါနိုင်ငံများတွင်ပါ ဖြန့်ဝေလျှက်ရှိပါသည်။ တရားစာအုပ်များ၊ တရားခွေများ နှင့် မှန်တိုရှင်း တရားစာစဉ် များစွာကိုလဲ ဓမ္မဒါနအဖြစ် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။ ထို့အပြင် မြတ်ဗုဒ္ဓ၏ ဓမ္မဒေသနာဖြစ်သော ပိဋကတ်မြန်မာပြန်ကျမ်းများကို ဗုဒ္ဓသာသနာဝင်များ ကိုယ်တိုင်ဖတ်ရှုလေ့လာနိုင်ရန်အတွက် မြန်မာ တစ်နိုင်ငံလုံးသို့ အစုံရေ ၅၀၀ ဖြန့်ချီ၍ ဓမ္မစေတီတည်ခဲ့ပါသည်။

ဆရာဦးမြင့်လွင်သည် နှစ်ပေါင်း ၃၀ ကျော် သာသနာတော်အတွက် တစ်စိတ်တည်းထားကာ လာဘသက္ကာယ သိလောက ကင်းစွာဖြင့် ယနေ့အချိန်ထိ မိမိကိုယ်တိုင်လဲ ကျင့်ကြံအားထုတ်၍ အများကိုလဲ ကျင့်စေလျက် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားနိုင်ရေး အတွက် ကိုလဲ အချိန်တိုင်း စက္ကန့် မလပ် ကြိုးစား အားထုတ်နေသည့် သာသနာ့ပြု ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တစ်ဦးဖြစ်ကြောင်း တင်ပြရင်း နိဂုံချုပ်လိုက်ပါသည်။

မြင့်မြတ်အလင်းရိပ်သာသို့ ဆက်သွယ်လိုပါက ဖုန်း ၀၉-၇၃၂၄၁၈၄၁ ၊ ၀၉-၄၃၂၀၂၁၈၉ နှင့် ၀၉ -၄၂၀၁၇၉၇၅၆ သို့ ဆက်သွယ်နိုင်ပါသည်။