ဥပုသ်အကြောင်း သိကောင်းစရာ

ယောဂီ မိဘဆွေမျိုးများ အားလုံး မင်္ဂလာပါ။

ဝါတွင်းကာလ ရောက်လှနီးပြီ ဖြစ်ပါ၍ ယောဂီတို့ကို ဥပုသ်စောင့်ထိန်းသူများ ဆင်ခြင်ဖွယ်၊ သိမှတ်ဖွယ် ဖြစ်သော အင်္ဂုတ္တိုရ်နိကာယ် ဥပေါသထသုတ်လာ အကျိုးကြီးအောင် ဥပုသ်စောင့်နည်း အကြောင်းကို ဓမ္မဒါန ပြုပေးလိုပါတယ်။
ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိမှ လာပါတယ်။ (ဥပ + ၀သထ)၊ ဥပ-ကောင်းမြတ်သော အကျင့်များနှင့် ပြည့်စုံ၍၊ ၀သထ- နေထိုင်ခြင်း။ အကျင့်ကောင်းများနှင့် ပြည့်စုံစွာနေထိုင်တာကို “ဥပုသ်” လို့ခေါ်ပါတယ်။

ဥပုသ်စောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူသော အဆုံးအမကို မျှဝေလိုက်ပါသည်။ ဤအဆုံးအမသည် ဝိသာခါ ကျောင်းအမကြီးအား ဟောကြား ဆုံးမသော အဆုံးအမ ဖြစ်ပါသည်။

ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်အရ ဥပုသ် ၃-မျိုးရှိသည်။
(၁) နွားကျောင်းသား ဥပုသ်။(ဂေါပါလ ဥပုသ်)
(၂) နိဂဏ္ဌတက္ကတွန်းတို့ ညွန်ပြသော ဥပုသ်။ (နိဂဏ္ဌ ဥပုသ်)
(၃) အရိယာသူမြတ်တို့ စောင့်ထိန်းသော ဥပုသ်။ (အရိယာဥပုသ်)

နွားကျောင်းသား ဥပုသ်

(၁) နွားကျောင်းသား ဥပုသ် ဆိုသည်မှာ အစားအသောက်များကို မက်မောသောစိတ်ဖြင့် ရှစ်ပါးသီလစောင့်ထိန်းခြင်းကို ဆိုလိုသည်။
နွားကျောင်းသားသည် ညနေခင်းတွင် နွားရှင်တို့အား နွားများသည် ယနေ့ ဤမည်သောအရပ်၌ အစာစားခဲ့ကြ၏။ ဤမည်သောအရပ်၌ ရေသောက်ခဲ့ကြ၏။ နက်ဖြန် နွားသည် ဤမည်သောအရပ်၌ အစာစားကြရလိမ့်မည်-ဟု ဆင်ခြင်ခဲ့ကြသည်။ ထို့အတူ အချို့သော ဥပုသ်များသည် ယနေ့-ငါသည် ဤမည်သော စားသောက်ဖွယ်တို့ကို စားသောက်ခဲ့ရ၏။ နက်ဖြန် ဤမည်သော စားသောက်ဖွယ်တို့ကို စားသောက်ရလိမ့်မည်-ဟုဆင်ခြင်လျက် အစာကို မက်မောသောစိတ်ဖြင့် ထိုနေ့အဖို့ကို ကုန်လွန်စေ၏။ ဤသို့ စောင့်သုံးအပ်သော ဥပုသ်သည် နွားကျောင်သား ဥပုသ်မည်၏။ ဤဥပုသ်သည် အကျိုးအာနိသင် မရှိပေ။

နိဂဏ္ဌ ဥပုသ်

(၂) နိဂဏ္ဌ ဥပုသ် ဆိုသည်မှာ အပြောတမျိုး အလုပ်တမျိုး မမှန်မကန် ဟောကြားသော နိဂဏ္ဌတက္ကတွန်းတို့၏ စကားကို လိုက်နာ၍ ရှစ်ပါးသီလ စောင့်ထိန်းခြင်းမျိုး ဖြစ်သည်။
ဥပမာ-နိဂဏ္ဌတို့သည် မိမိတို့၏ တပည့်တို့အား အရပ်လေးမျက်နှာ ယူဇနာတရာ ထက်ဝန်းကျင်၏ အပြင်ဘက်တွင် ရှိသော သတ္တဝါတို့ကို ညှင်းဆဲ နှိပ်စက်ခြင်း မပြုရ-ဟူ၍ ဆောက်တည်စေ၏။ ဤတွင် ယူဇနာတရာအတွင်း၌ ရှိသော သတ္တဝါတို့အား ညှင်းဆဲခြင်း ပြုသည်ကို ခွင်ပြုသကဲ့သို့ ဖြစ်နေသည်။ သတ္တဝါအားလုံးကို မဟုတ်၊ သတ္တဝါအချို့ကိုသာ သနားခြင်းပြုရန် ဆောက်တည်စေသောသဘောမျိုး ဖြစ်နေသည်။ မမှန်ကန်ပေ။ ဤသို့ဆောက်တည်သော ဥပုသ်သည် နိဂဏ္ဌဥပုသ် မည်၏။ ထိုဥပုသ်သည် ကြီးသောအကျိုး အာနိသင် မရှိပေ။

အရိယာဥပုသ်

(၃) အရိယာဥပုသ် ဆိုသည်ကား-သူတော်သူမြတ်တို့ စောင့်ထိန်းသော ဥပုသ်မျိုးဖြစ်သည်။ ဥပုသ်လီလ ခံယူဆောက်တည်ပြီးနောက် နေ့စဉ်ပြုလုပ်နေကျဖြစ်သော လောကီရေးရာ လုပ်ငန်းဆောင်တာများကို မလုပ်ဘဲ သမထ ၀ိပဿနာ တို့ကို ပွားများအားထုတ်ခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတရားတို့ကို နှလုံးသွင်းဆင်ခြင်ခြင်း၊ ရတနာသုံးပါးတို့၏ ဂုဏ်တော်ကျေးဇူးတော်များကို အောက်မေ့ပွားများခြင်း၊ ဘုရားတရားတော်များကို ဖတ်ကြားခြင်း၊ နာယူခြင်း၊ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း၊ မေတ္တာပွားများခြင်း အစရှိသော လောကုတ္တရာကျင့်စဉ်များကို လုပ်ဆောင်ကာ အရိယာ တို့ ကဲ့သို့ ပြုမူနေထိုင်ခြင်း ဖြစ်သည်။ ထိုအရိယာဥပုသ်မျိုးသည်သာ ဘုရားရှင်အလိုတော်ကျ ဖြစ်သည်။ လွန်စွာ အကျိုးရှိသည်။
အရိယာဥပုသ်တွင်
(က) ဗြဟ္မဥပုသ်
(ခ) ဓမ္မဥပုသ်
(ဂ) သံဃဥပုသ်
(ဃ) သီလဥပုသ်
(င) ဒေဝတာဥပုသ် ဟူ၍ ၅-မျိုးရှိသည်။

(က) ဗြဟ္မဥပုသ် ဆိုသည်မှာ ဦးခေါင်းကို တန်ဆာဆင်လိုသူသည် ထိုဦးခေါင်းကို စင်ကြယ်စွာဆေးလျှော်ပြီး တန်ဆာဆင်ရ၏။ ထိုမှသာ တင့်တယ်လှပ၏။ ထို့အတူ သီလတန်ဆာ ဆင်မြန်းလိုသူသည် ရှေးဦးစွာ ဗုဒ္ဓဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ သီလစောင့်ထိန်းသည်။ ဤသီလသည် အကျိုးများသည်။ ဤဥပုသ်ကို ဗြဟ္မဥပုသ်ဟု ခေါ်သည်။

(ခ) ဓမ္မဥပုသ် ဆိုသည်မှာ ဝတ်ကောင်း ဝတ်သစ်များကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ ညစ်ပေနေသည့် ခန္ဓာကိုယ်ကို စင်ကြယ်အောင် ရေချိုးရ၏။ ရေချိုးပြီး ဝတ်ကောင်းဝတ်သစ်များကို ဆင်မြန်းမှ တင့်တယ်၏။ ထို့အတူ သီလတန်ဆာကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ တရားဂုဏ်တော်များကို ပွားများဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရ၏။ ထိုသို့ပြုပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ဤဥပုသ်ကို ဓမ္မဥပုသ်ဟု ခေါ်၏။

(ဂ) သံဃဥပုသ် ဆိုသည်မှာ-ဖြူစင်သောအဝတ်များကို ဖြူစင်အောင် လျှော်ဖွပ်ပြီးမှ ဝတ်ဆင်ရာ၏။ ထိုမှသာ တင့်တယ်၏။ ထို့အတူ သီလတည်းဟူသော အဝတ်ကို ဝတ်ဆင်လိုသူသည် ရှေးဦးစွာ သံဃာ့ဂုဏ်တော်များကို ပွားများဆင်ခြင်လျက် စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရ၏။ ထိုသို့ ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ထိုဥပုသ်ကို သံဃဥပုသ်ဟု ခေါ်သည်။

(ဃ) သီလဥပုသ် ဆိုသည်မှာ-ကိုယ်လုံးပေါ်မှန်ကို ထင်ထင်ရှားရှား မြင်အောင် ကြည့်ရှု လိုသူသည် ရှေးဦးစွာမှန်သားပြင်မှ မြူမှုန်ချေးများကို စင်ကြယ်အောင် ပွတ်တိုက်ရာ၏။ ထိုသို့ ပွတ်တိုက်ပြီး ကြည့်ရှုမှ ထင်ထင်ရှားရှား မြင်နိုင်၏။ ထို့အတူ သီလတည်းဟူသော မှန်ကို ကြည့်ရှုလိုသူသည် မိမိစောင့်ထိန်းသော သီလဂုဏ်များကို ရှေးဦးစွာ ပွားများ ဆင်ခြင်လျက် စိတ်ကို စင်ကြယ်အောင် ပြုလုပ်ပြီးမှ စောင့်ထိန်းရ၏။ ထိုသီလသည်သာ အကျိုးများပေသည်။ ယင်းကို သီလဥပုသ်-ဟု ခေါ်သည်။

(င) ဒေဝတာ ဥပုသ် ဆိုသည်မှာ စိန် ရွှေ ရတနာ လက်ဝတ်တန်ဆာများ ဆင်မြန်း လိုသူသည် ရှေးဦးစွာ လက်ဝတ်ရတနာများကို ချေးများစင်ကြယ်အောင် အရောင်တင်ပြီးမှ ဝတ်ဆင်ရ၏။ ထို့အတူ သီလတည်းဟူသော လက်ဝတ်ရတနာများကို ဆင်မြန်းလိုသူသည် ရှေးဦးစွာ သဒ္ဓါသီလ စသော တရားများကို ဆင်ခြင်ကာ စိတ်ကို စင်ကြယ်အောင် ပြုလုပ်ရသည်။ ဤသို့ ပြုလုပ်ပြီးမှ စောင့်ထိန်းသည့် သီလသည်သာ အကျိုးများပေသည်။ ယင်းကို ဒေဝတာ ဥပုသ်-ဟု ခေါ်သည်။

ဤသို့လျှင် ဗုဒ္ဓဘုရားရှင်သည် ဥပုသ် ၃-မျိုးကို ပိုင်းခြားသိမြင်အောင် ဟောကြား ဆုံးမခဲ့သည်။ ယောဂီများအားလုံးလည်း ယခုလာမည့် ဝါတွင်းအခါသမယတွင် အဆင့်အမြင့်ဆုံးဖြစ်သော အရိယာဥပုသ်ကို စောင့်ထိန်းကာ ဝိပဿနာဘာဝနာ ပွားများ၍ နေထိုင်ကြပါရန် အထူးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဥပုသ်နေ့များတွင် ရှစ်ပါးသီလတည်းဟူသော ဥပုသ်ကို အောက်ပါအတိုင်း စောင့်ထိန်းလေ့ရှိကြသည်။

၈-ပါးသီလ ဥပုသ်စောင့်ထိန်းပုံ

* အဟံဘန္တေ တိသရဏေ နသဟ အဋ္ဌင်္ဂ သမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေဘန္တေ။
(အရှင်ဘုရား၊ တပည့်တော်သည် သရဏဂုံ သုံးပါးနှင့်တကွ အင်္ဂါ ၈-ပါးရှိသော ဥပုသ်သီလကို တောင်းခံပါသည်၊ တပည့်တော်ကို ချီးမြှောက်သော အားဖြင့် သီလ (ဆောက်တည်ခွင့်)ပေးတော်မူပါ ဘုရား။)

(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏ အသက်ကို သတ်ဖြတ်ခြင်း ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ပါ၏။

(၂) အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
သူတပါး၏ ဥစ္စာကို ခိုးယူခြင်း လုယက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

(၃) အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။

(၄) မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
မဟုတ်မမှန် လိမ်ညာ လှည့်ဖျား မမှန်စကား ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။

(၅) သုရာမေရယ မဇ္ဖပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ယစ်မူး မေ့လျာ့ကြောင်းဖြစ်သော ဘိန်းဘင်း ကစော် လှော်စာ အရက် သောက်စား ရှူရှိုက်ခြင်းမှ ရှောင်ကြဉ်ပါ၏။

(၆) ၀ိကာလ ဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
နေမွန်းလွဲသောအခါ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏။

(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသုက ဒဿန မာလာ ဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
ကိုယ်တိုင် ကခြင်း, သူတပါးကို ကစေခြင်း၊ ကိုယ်တိုင်သီဆိုခြင်း, သူတပါးကို သီဆိုစေခြင်း၊ ကိုယ်တိုင် တီးမှုတ်ခြင်း, သူတပါးကို တီးမှုတ်စေခြင်း၊ က-ခြင်း, သီဆိုခြင်း, တီးမှုတ်ခြင်းတို့ကို ကြည့်ရှု နားထောင်ခြင်း၊ ပန်းပန်ခြင်း၊ နံ့သာ လိမ်းကျံခြင်း တို့မှ ရှောင်ကြဉ်ပါ၏။

(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
မြင့်သော မြတ်သော အိပ်ရာ နေရာတို့၌ နေထိုင် အိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၏။

မှီငြမ်း။ ။ အရှင်တိက္ခဉာဏာလင်္ကာရ ဘလော့ မှ ကူးယူ မှီငြမ်းမျှဝေပါသည်။
(http://tknn.org/)

Leave a Reply