ရာဇဂြိုဟ်မှ သီရိမာ၏ အသုဘရှုပွဲကြီးကား လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက
ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါသည်။ ထိုအသုဘရှုပွဲကြီး၌ ပါ၀င်ခဲ့သူ အသီးသီးတို့သည်လည်း ကိုယ်စီ တရားအသိဉာဏ်နှင့် ထိုက်တန်သော ဘဝတွေကိုလည်း
ရရှိနေပြီ ဖြစ်ပါသည်။ အချို့သည် မြင့်မြတ်သောဘုံ၊ မြတ်သောဘဝ၊မြတ်သောဌာနတွေမှာ ခံစားနေပေပြီ။ အချို့လည်း နိဗ္ဗာန်သို့
မျက်မှောက်ပြုခဲ့ကြပြီ။ သီရိမာကို အကြောင်းပြု၍ တရားဒေသနာ ချီးမြှင့်ခဲ့သော ဘုရားရှင် ကိုယ်တော်တိုင်ပင် ပရိနိဗ္ဗာန် ပြုခဲ့ရပြီ မဟုတ်ပါလော။
သီရိမာကို စွဲလမ်းစိတ် ဖြစ်ခဲ့စဉ်က ရာဂစိတ် အဓိပတိ ဖြစ်ခဲ့ရသော
ကိုယ်တော်လေးသည် သုသာန် တစပြင်မှ သီရိမာ၏ ရုပ်အလောင်းကို မျက်ဝါးထင်ထင်
တွေ့ရင်းမှ ဘုရားရှင်၏ ဒေသနာတော်ကို နာကြားလိုက်ရ သောအခါ…။
တင့်တယ်ခြင်းနှင့် မတင့်တယ်ခြင်း။ သုဘနှင့် အသုဘ။
သုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စွဲလမ်းသည့်ဘက်သို့ ဦးတည်သည်။
အသုဘနိမိတ်ကို မြင်သောအခါ စိတ်သည် စက်ဆုပ်ရွံရှာသည့် ဘက်သို့
ပြောင်းလဲသွားသည်။ မြင်ကွင်း ပြောင်းသည့်အခါ စိတ်ပြောင်းသွားသည်။ မြင်ကွင်း အပြောင်းအလဲကို မည်သူက ဖန်တီးသနည်း။ ပုဂ္ဂိုလ် တစ်ဦးတည်းက ဖန်တီးခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကား သီရိမာ။
သီရိမာ၏ ခန္ဓာအိမ်နေရာတွင် အခြားသူတစ်ဦး၏ ခန္ဓာအိမ် အသစ်တစ်ခု အစားထိုး
၀င်ရောက်လာခြင်း မဟုတ်ပါ။ နဂိုရှိရင်းစွဲ သီရိမာ၏ ခန္ဓာအိမ်ကြီးကသာ
ဖောက်ပြန် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သုံးရက်ခန့်က ကပိုကရို
အလှကလေးနှင့်ပင် ကြည့်၍မဝနိုင် ဖြစ်ခဲ့ရသော သီရိမာ၊ ယခုတော့ ဖရိုဖရဲ၊
ပြိုကွဲ ယိုစီး နံစော်၊ မြင်မကောင်း ရှုမကောင်း၊ ယင်တလောင်းလောင်းနှင့်
နှစ်ခါပြန် ကြည့်ချင်စရာ မကောင်းတော့သည့် သီရိမာ။ ဖြစ်နိုင်လျှင်
မကြည့်ချင်တော့။ မျက်လုံးစုံမှိတ် ထားလိုက်ချင်တော့သည်။
ဘယ်မှာလဲ ဟိုတစ်နေ့က ဆွမ်းမစားနိုင်လောက်အောင် စွဲလမ်းခဲ့ရတဲ့ သီရိမာရဲ့
အလှပုံရိပ်တွေ။ ကိုယ်တော်လေးသည် အငွေ့အသက်ကို မမေ့ရက်စရာ အဖြစ်
သတ်မှတ်သိမ်းဆည်း ထားခဲ့သည်ပဲ။ မျက်စိဖြင့် သီရိမာကို မြင်သည်။ မြင်သိစိတ် ဖြစ်ပေါ်သည်။ မြင်သိစိတ်နောက်က
လိုချင်စိတ်ကလေး ကပ်ပါလာသည်။ ကြည့်စမ်း.. မြန်လိုက်သည့်စိတ်။
တပ်မက်မှု တဏှာစိတ်ကလေးက အမြစ်စတွယ်ပေပြီ။ အမြစ်တွေ ပွားလာသည်။
လိုချင်စိတ်သည် ကင်ဆာရောဂါနှင့် တူသည်။ အမြစ်ပွားနှုန်း မြန်လှသည်။
ရှေ့စိတ်သည် နောက်စိတ်ဆီသို့ လောဘ၏ သတ္တိကို အဆင့်ဆင့် လက်ဆင့်ကမ်း
ပေးသွားသည်။ လောဘအိုးကြီးသည် တဖြည်းဖြည်း ကြီးထွားလာပေပြီ။
စိတ်နှင့်မဆန့်အောင် ကြီးထွားလာသောအခါ စိတ်သည် ထိုလောဘ၏ ၀န်ထုပ်ကို
အလေးအပင် တစ်ခုအနေဖြင့် ပြန်ထမ်းနေရတော့သည်။ စိတ်ကြီးကား လေးလံလှချေပြီ။
လေးလံလာသောအခါ ထိုင်းမှိုင်းလာစမြဲ။ ကိလေသာ ဟူသမျှ ပူရသည်မှာမလွဲ။ ကိလေသာ
ခေါင်းဆောင်ဖြစ်သော လောဘသည် အပူဓာတ်တွေကို ယူဆောင်လာသည်။ ထို အပူဓာတ်သည်
တည်ငြိမ်အေးချမ်းမှု မရှိတော့။ ဘယ်မှာလာ၍ ငြိမ်းအေးနိုင်ပါတော့ မလဲ။
ထို့ကြောင့်ပင် ကိုယ်တော်လေးသည် သီရိမာ လောင်းလှူလိုက်သော ဆွမ်းကိုပင်
မစားနိုင်တော့သည် အထိ ဖြစ်ခဲ့ရသည်။ ကိုယ်တော်လေး၏ စိတ်အတွင်းဝယ် သီရိမာ၏
ပုံရိပ် အငွေ့အသက်တွေသည် သုံးရက်တိတိ ၀င်မွှေ လောင်ကျွမ်းနေခဲ့သည်။
သတိလက်လွတ် ဖြစ်နေသောအခါ၊ သညာသည် တန်ခိုးထွားလာသည်။ ခုနက မှတ်ထားခဲ့သော
သီရိမာ၏ ပုံရိပ်ကို သညာက အထပ်ထပ် ပုံဖော်ပေးနေသည်။ ကိုယ်တော်လေးသည်
သညာခေါ်ရာသို့ လိုက်သည်။ အငွေ့အသက်ကို တကယ့်အရှိတရားဟု ကိုယ်တော်လေး
ယုံကြည်နေသည်။ အမြင်မှားပေပြီ။ ဒိဋ္ဌိ၀င်ပြီ။ ကိုယ်တော်လေး၏ အာရုံရိပ်တွင်
အငွေ့အသက်အဖြစ် ပုံဖော်နေသော သီရိမာသည် အမှန်တကယ်တွင်မူ သုဿာန်တစပြင်၌
အလောင်းကောင်အဖြစ် ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်နေချိန် ဖြစ်သည်။ ဤသည်ကို
ကိုယ်တော်လေးသည် မသိမမြင်။
ဒီတော့ သညက္ခန္ဓာကြီးက ပုံဖော်ပေးလိုက်၊ဝေဒနက္ခန္ဓာက ချဲ့ပြီး ခံစားပေးလိုက်၊ ၀ိညာဏက္ခန္ဓာကြီးက လိမ်ပြီးသိနေလိုက်၊
သင်္ခါရက္ခန္ဓာကြီးက အမှားနောက် တကောက်ကောက် လိုက်လံပြုပြင် ပေးနေလိုက်နှင့်
ကိုယ်တော်လေး၏ စိတ်သည် အလုပ်များခဲ့ရသည်။ ပင်ပန်းခဲ့ရသည်။ အဆမတန်
ပူလောင်ခဲ့ရသည်။ အမြင်မှားမှုကို အခြေခံသော မိစ္ဆာဒိဋ္ဌိ၏ နောက်၌ တန်းလန်း
တန်းလန်း ပါလာသော အကျိုးတရားများမှာ အကုသိုလ်သတ္တိတွေသာ ကိန်းအောင်းနေပေသည်။
ကိုယ်တော်လေးခမျာ သုံးရက်လုံးလုံး ဆွမ်းခံမထွက်၊ ဆွမ်းမစား၊ တပိန်ပိန်
တလိမ်လိမ်။ သူ့စိတ်ထဲမှာတော့ သီရိမာမှ သီရိမာ။ ထိုသုံးရက် လွန်ပြီးနောက်
သီရိမာဆိုသော အသံကို ကြားရမှ သပိတ်ကို ဆေးခဲ့သည့် သူ့အဖြစ်။ ထိုအခါမှ
သပိတ်ထဲမှ ပုပ်သိုးနံစော်နေသော ဆွမ်းပုပ်တွေကို တွေ့ရသည်။ မေ့မြောရာမှ
သတိလည်လာသူပမာ။ ဒါတောင် ဘုရားရှင်ဆိုသော အသံထက် သီရိမာဆိုသော အသံကိုသာ
သူကြားခဲ့ခြင်း ဖြစ်သည်။ သုဿာန်သို့ အပြေးတပိုင်းနှင့် ထွက်လာခဲ့။ ကဲ..
တွေ့ရပြီ.. သီရိမာ။
အလို.. သူထင်သလို မဟုတ်တော့ပါလား။
သုံးရက်လုံးလုံး သူ့စိတ်ထဲ၌ အချိန်ပြည့် နေရာယူခဲ့သည့် သီရိမာတည်းဟူသော
အငွေ့အသက်သည် ဒီပုံမဟုတ်။ သူ နောက်ဆုံးတွေ့ခဲ့သည့် ကပိုကရို အလှကလေးနှင့်
သီရိမာသည် ဒီပုံစံမဟုတ်။ လုံးဝမဟုတ်။ သူ ထင်မှတ်မှား နေရော့လား။ သူ ဇဝေဇဝါ
ဖြစ်နေရော့လား။ စိတ်တွေထွေပြား၍ အမြင်မှားနေခြင်း ပေလား။
ဟော..
ဘုရားရှင်၏ အမေးတွင် ပရိသတ်အပေါင်းက တစ်ခဲနက် ညာသံပေး၍ ဖြေကြပေပြီ။
ဒီရုပ်အလောင်းကြီးသည် သီရိမာတဲ့။ မဖြစ်နိုင်တာ။ သူ့စိတ်ထဲက မည်သို့
ငြင်းပယ် ငြင်းပယ်၊ ဒီရုပ်အလောင်းကြီးသည် သီရိမာ အစစ်ပင်တည်း။ အားလုံး
တစ်ခဲနက် ထောက်ခံနေကြပြီ။ ဟော.. အသက်ရှင်စဉ်က တစ်ရက်လျှင် အသပြာတစ်ထောင်
တန်သည့် သီရိမာသည် ယခုတော့ အခကြေးငွေ မဆိုထားနှင့်၊ အခမဲ့ ယူမည့်သူပင်
မရှိတော့ပြီကော။ ကဲ.. ဘယ်မှာလဲ သီရိမာရဲ့ တန်ဖိုးဆိုတာ..။
သီရိမာရဲ့ တန်ဖိုးတွေသည် သီရိမာရဲ့ ဆံပင်တွေထဲမှာလား။ ဘယ်မှာ
ဟုတ်နိုင်ပါတော့မလဲ။ မဖြီးမလိမ်း၊ မပြင်မဆင်ထားတော့ ဘယ်မှာလဲ ဆံပင်ပုံ၊
ဆံထုံးပုံ။ ဖွာလန်ကြဲ မွဲခြောက်နေတဲ့ ဆံပင်တွေမှာ ဖုန်တွေ အလိမ်းလိမ်းနဲ့။
ရုပ်ပျက်လိုက်တာ။
ကိုယ်တော်လေးရဲ့ စိတ်ထဲမှာ အငွေ့အသက်အဖြစ်
အရိပ်ခိုခဲ့တဲ့၊ ကိုယ်တော်လေးရဲ့ စိတ်ကို အလွှမ်းမိုးကြီး
လွှမ်းမိုးနိုင်ခဲ့တဲ့ သီရိမာရဲ့ မျက်နှာလေးကရော၊ ဘုရား.. ဘုရား..
ကြည့်နေရင်းမှပင် မျက်လုံးကြီးနှစ်ဖက် ထပေါက်တော့မယ့် အတိုင်းပါလား။
ဖူးရောင်ရုန်းကြွ ခုံးထနေတာ.. ဖောက်ခနဲ ပေါက်သွားလိုက်ရင်ဖြင့်..။
နှာခေါင်းကြီးကလည်း ပွထ၊ အထက်နှုတ်ခမ်း၊ အောက်နှုတ်ခမ်း အစုံကလည်း ထူလပျစ်။
ပါးကြီးနှစ်ဖက်ကလည်း ပါးချိတ်ရောင်.. သွားကိုက် ဝေဒနာသည်လို ရောင်ကား
ဖောင်းထနေလိုက်တာ။ အလို.. ပါးစပ်ထဲကလည်း အပုပ်ရည်တွေ စီးကျနေလိုက်တာ..။
အခုရနေတဲ့ အပုပ်နံ့တွေဟာ အဲဒီ့ အပုပ်ရည်တွေဆီကလား မသိ။
ကိုယ်တော်လေးသည် စိတ် မသက်သာစွာဖြင့် မျက်လုံးအစုံကို မှိတ်လိုက်သည်။
သူ့စိတ်ထဲတွင် နေရာယူထားသော သီရိမာ၏ ပုံရိပ် အငွေ့အသက်တို့သည် တဖြည်းဖြည်း
လွင့်ပြယ်စ ပြုလေပြီ။ ဒီပုံကြီးဆိုရင်ဖြင့် သီရိမာကို ဘယ်လိုလုပ်ပြီး
စိတ်ထဲမှာ ထည့်သွင်းသိမ်းဆည်း ထားနိုင်ပါတော့မလဲ။ ဘယ်လိုလုပ်ပြီး ပုံဖော်
စိတ်ကူးယဉ်နိုင်ပါတော့ မလဲ။ ခဏတဖြုတ် ကြည့်လိုက်ရတဲ့ အချိန်ကလေး မှာတောင်
ဆက်မကြည့်ချင်တော့လို့ မျက်စိကို မှိတ်လိုက်ရတာ။
ကြည့်ပါဦး..
လည်ပင်းကြီးကလည်း အဆမတန် ရောင်ကိုင်းကြီးထွား နေပါပကောလား။ ပခုံးတွေ၊
လက်တွေလည်း ရောင်ကိုင်း ပွထနေလိုက်တာ။ ၀တ်ထားတဲ့ အရှက်လုံအကျႌ
ဖျင်စတွေပင်လျှင် အချို့နေရာမှာ ချုပ်ရိုးပြုတ်လိုပြုတ်၊ ကွဲထွက်လို
ကွဲထွက် ဖြစ်နေပါရော့လား။ ရင်ဘတ်ကြီး မို့မောက်လိုက်ပုံကလည်း
တောင်ကုန်းတစ်ကုန်းလို။ အို.. ဗိုက်ပေါ်က အဝတ်စတွေမှာလည်း စိုရွှဲ ရိရွဲလို့။
အပုပ်ရည်တွေ စွန်းထင်း ပေကျံနေပါရောလား။ နံလိုက်တာနော်။
ပေါင်မှသည် ခြေသလုံး။ နည်းတဲ့ ရောင်ကိုင်း ပွထမှုကြီးမဟုတ်။ သီရိမာသည်
မူလခန္ဓာကိုယ်ထက် နှစ်ဆကျော်ကျော်၊ သုံးဆနီးပါး ရှိနေချေပြီ။
ခြေချောင်းတို့၏ တုတ်ခိုင် ပွထမှုများကတော့ မပြောပါနဲ့တော့။ အဝလွန်နေသည့်
မိန်းမတစ်ယောက်၏ ဖဝါးတွေ၊ ခြေချောင်းတွေလို။ အဝလွန်သည့် မိန်းမကြီးတစ်ယောက်
ပိုးစိုးပက်စက် ပစ်စလက်ခတ် အိပ်နေသည့်ပုံကြီးနှင့် တူလွန်းလှသည်။
ဒါဟာ အလှဘုရင်မ တစ်ယောက်ရဲ့ ရုပ်ကလာပ်တဲ့လား..။ တစ်ကိုယ်လုံးကို ခြုံကြည့်လိုက်တော့ မှိုင်းဝနေသော မီးပုံးပျံကြီးလို ဖြစ်နေသေည့် သီရိမာ။
ပြုပြင်ပြောင်းလဲ ပေးနေရသော နာမ်ခန္ဓာတစ်ပါးဖြစ်သည့် သင်္ခါရက္ခန္ဓာကြီး
အလုပ်မလုပ်တော့သော အခါ ဒီခန္ဓာအိမ်ကြီးသည် ပိုင်ရှင်မဲ့သူ တစ်ဦးအဖြစ်
ကျန်ခဲ့ရသည်။ မှတ်သားခြင်း၊ သိမြင်ခြင်း၊ ခံစားခြင်း၊ ပြုပြင်ခြင်း
ကိစ္စများ ဆောင်ရွက်နေသော နာမ်ခန္ဓာလေးပါးသည် သူတို့ အမှီပြု အလုပ်လုပ်ရာ
ကာယခန္ဓာကြီးကို ရက်စက်စွာ ထားရစ် စွန့်ပစ်ခဲ့ကြလေပြီ။ ရုပ်ခန္ဓာ
တစ်ပါးဖြစ်သော ရူပက္ခန္ဓာကြီးသည်လည်း ညီတော်နောင်တော် ပီသစွာ နာမ်ခန္ဓာ
လေးပါးနောက်သို့ တစ်ပါတည်း လိုက်သွားခဲ့ပေပြီ။ သူတို့ငါးပါး အုပ်စုသည်
နောက်ခန္ဓာအိမ် အသစ်တစ်ခု၌ အလုပ်တွေ လုပ်နေကြပေပြီ။ သို့သော် သီရိမာ၏
ခန္ဓာအိမ်အဟောင်းတွင် ဖြစ်ခဲ့သော ခန္ဓာငါးပါးတော့ မဟုတ်တော့ပါချေ။ အဟောင်း
ချုပ်ငြိမ်း၍ အသစ်အသစ် ဖြစ်ပေါ်လာသော ခန္ဓာငါးပါးတို့သာ ဖြစ်ပါသည်။ ထိုအခါ
မူလက သူတို့ အမှီပြု အလုပ်လုပ်ရာ ဌာနကြီးဖြစ်သော သီရိမာ၏ ခန္ဓာအိမ်
အဟောင်းကြီးသည် ယခုမူ ပိုင်ရှင်မဲ့အဖြစ် သုဿာန် တစပြင်၌ ဖြစ်ချင်တိုင်း
ဖြစ်နေလေပြီ။
ဤသည်ကို တရားနာ ပရိသတ်အဖြစ် ရောက်ရှိနေသော သီရိမာ
နတ်သမီးကိုယ်တိုင် ပြတ်ပြတ်ထင်ထင် သိမြင်နေရသည်။ ယခင်က ရာဇဂြိုဟ်မြို့က
ပြည့်တန်ဆာ သီရိမာ။ ယခုတော့ ယာမာနတ်ပြည်က နတ်သမီး သီရိမာ။ သူ့ခန္ဓာအိမ်
အဟောင်းကို သူကိုယ်တိုင် အသုဘ ပြန်ရှုနေရသော အဖြစ်။ ဒီခန္ဓာအိမ်ကို အမှီပြု၍
သီရိမာသည် ငါမှငါ ဖြစ်ခဲ့သေးသည်။ ငါ့ခန္ဓာ၊ ငါ့အလှဟူ၍ မာန်တွေ
တက်ခဲ့သေးသည်။ ထိုမာန်တွေကြောင့်ပင် ဥတ္တရာကို ဆီပူနှင့် လောင်းချခဲ့သည်အထိ
ကျူးလွန်ခဲ့မိသေးသည်။ ဥတ္တရာ၏ ခင်ပွန်းသည် သုမန သူဌေးသားကို
ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ခဲ့သေးသည်။ အဲဒီ သီရိမာဆိုတာကြီးကို အခုဘယ်မှာ
အသုံးချနိုင် ပါတော့မလဲ။ အခုတော့ သီရိမာဆိုသော အပေါင်းအစု၊ အစုအဝေးကြီးသည်
ဘာမျှ တုံ့ပြန်ပြောဆိုခြင်း မပြုနိုင်တော့ပြီကော။ ဒီအစုအဝေးကြီးကို
ကိုင်စွဲ၍.. ငါဟဲ့၊ သီရိမာဟဲ့ဟု ပြောဆို ဆက်ဆံခဲ့တာတွေသည်..။
ကြည့်စမ်း.. ငါတည်းဟူသော သီရိမာ၏ ခန္ဓာကို အစွဲအလမ်းကြီး စွဲလမ်း၍ သောက
ပရိဒေဝမီး တောက်လောင်နေရှာတဲ့ ကိုယ်တော်လေး..၊ သီရိမာရဲ့ ခန္ဓာလို့ ထင်နေတဲ့
ကိုယ်တော်လေးခမျာ မသက်မသာ ပင်ပန်းနေရှာ ပါလား။ ဒီမှာ ကိုယ်တော်လေး..။
တပည့်တော်မဟာ ယာမာ နတ်ဘုံမှာ နတ်သမီး သီရိမာ ဖြစ်နေပါပြီ။ အခု ဘုရားရှင်က
တပည့်တော်မ အလောင်းကို ရှုကြည့်ပြီး တရားဟောမယ် ဆိုလို့ တပည့်တော်မ
ယာမာနတ်ပြည်ကနေ အပြေးလာခဲ့ရတာ။ တပည့်တော်မရဲ့ ခန္ဓာအိမ် အသစ်ကို
ကိုယ်တော်လေး ဘယ်မြင်နိုင်ပါဦး မလဲ။ ကောင်းပါပြီလေ.. ကိုယ်တော်လေး
အခုမြင်နေတဲ့ တပည့်တော်မရဲ့ ခန္ဓာအိမ် အဟောင်းဟာ ကိုယ်တော်လေး ရှေ့မှာပဲ
ဖောက်ပြန် ပြောင်းလဲနေပုံကို ကိုယ်တော်လေး မြင်ရင်းက သံဝေဂ ရပါစေတော့..။
ကိုယ့်ရုပ်အလောင်းကို ကိုယ်ပြန်ကြည့်ရင်းက ဖြစ်ပျက်တရား၊ ပြုပြင်မှု တရား၊
ဖောက်ပြန်မှု တရားတွေကို ဉာဏ်ဖြင့် အထပ်ထပ် ဆင်ခြင် ရှုပွားလေသော်
ဘုရားရှင်၏ ဒေသနာအဆုံး၌ နတ်သမီး သီရိမာသည် အနာဂမ် တည်ခဲ့လေပြီ။
ကိုယ်တော်လေးကား လက်ငင်း မြင်တွေ့နေရသည့် အမှန်တရားကို လက်မလွတ်စတမ်း
ဆုပ်ကိုင် ဖမ်းယူရင်းမှ ဖြစ်ပျက်၊ ဖောက်ပြန် ပြုပြင်မှု၊ အနိစ္စ လက္ခဏာတို့ကို
ရှုပွား ဆင်ခြင်မိသောအခါ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်လေ တော့သည်။
ကိုယ်တော်လေး၏ အမြင်သည် မိစ္ဆာဒိဋ္ဌိမှ သမ္မာဒိဋ္ဌိသို့ ပြောင်းခဲ့လေပြီ။
တကယ်တော့ သီရိမာဟူသည် ကေသာ၊ လောမာ၊ နခါ၊ ဒန္တာ၊ တစော ဟူသော ဆံပင်၊
မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေထူ၊ အရေပြား စသည့် ၃၂ ကောဋ္ဌာသ
အစိတ်အပိုင်းတို့ ပေါင်းစုထားသော အစုအဝေးကို တိုတိုနှင့် လွယ်လွယ်
ခေါ်လိုက်ခြင်း မဟုတ်လော..။
ကိုယ်တော်လေး၏ ဉာဏ်အမြင်
ပြောင်းသွားလေပြီ။ ကိုယ်တော်လေးသည် သီရိမာ၏ ခန္ဓာအိမ်မှ တစ်ဆင့် သဘာဝ
ဓမ္မတစ်ခုကို တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သည့်အတွက် သီရိမာ၏ ခန္ဓာအိမ်သည်
အရင်းအနှီး တစ်ခုအဖြစ် ပေးဆပ်ခဲ့ရသည်။ နတ်သမီး သီရိမာအတွက် ပင်လျှင် သူမ၏
ဘဝဟောင်း ခန္ဓာအိမ်သည် သူမ အနာဂမ် ဖြစ်ဖို့အတွက် အရင်းအနှီးတစ်ခု
ဖြစ်ခဲ့သည်သာ။
ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာမိခြင်းကြောင့် ရရှိသော အကျိုးကား ကြီးမားလှပေစွ..။
***************************************************************************************
ဆရာမြသန်းစံ ရေးသားသော “ခန္ဓာအိမ်ကို အရင်းပြု၍ သဘာဝဓမ္မကို လေ့လာခြင်း” စာအုပ်မှ ကူးယူဖော်ပြပါသည်။
***************************************************************************************