သီလရှင်ကို ယောကျ်ားများက ရှိခိုးကောင်း၊ မကောင်း

“သီလရှင်ကို ယောကျ်ားများက ရှိခိုးကောင်း၊ မကောင်း ၊
သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်။”
“သီလရှင်ကို ယောကျ်ားများက ရှိခိုးကောင်း၊ မကောင်း ၊
သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်။”
••••••••••••••••••••••••••••••••••••••••••••••••••••••••
Q.အရှင်ဘုရား . . .
သီလရှင်ကို တပည့်တော်တို့ ယောကျ်ားများက
ရှိခိုးကောင်းပါသလားဘုရား။
သီလရှင်နှင့် စကားပြောတဲ့အခါ တပည့်တော်လို့ သုံးသင့်သလား၊
ကျွန်တော်စသည်ဖြင့် သုံးသင့်သလား သိချင်ပါသည်ဘုရား။
ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။
(မောင်စိုး)

A. သီလရှင်ကို ယောကျ်ားများ ရှိခိုးကောင်းပါတယ်။
ရှိခိုးခြင်းဖြင့် အပြစ်မဖြစ်သလို ကုသိုလ်ဖြစ်စေပါတယ်။
ရှိခိုးတယ်ဆိုတာ နှိမ့်ချတဲ့သဘော၊ အရိုအသေပြုတဲ့ သဘောရဲ့
သင်္ကေတ တစ်ခုပါ။ သီလရှင်မှ မဟုတ်ဘဲ ကိုယ့်ထက်
အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူများကို အရိုအသေပေးတာ၊
နိမ့်ချတာလည်း ကုသိုလ်ဖြစ်ပါတယ်။

ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်။
ဗုဒ္ဓဘာသာဟာ “ပုဂ္ဂိုလ်”ကို ကိုးကွယ်တာမဟုတ်ပါဘူး၊
“ဂုဏ်”ကိုကိုးကွယ်တာပါ။ ပုဂ္ဂိုလ်မှာ ရှိတဲ့သီလ၊
သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုးကွယ်တာပါ။
ဒါကြောင့်လည်း သာသနာ့ဘောင် ရောက်လာတဲ့
သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။

လူတွေနေ့စဉ် စောင့်ထိန်းရတဲ့ သီလတွေထက်
ကိုရင်၊ ရဟန်း၊ သီလရှင်များ စောင့်ထိန်းရတဲ့
သီလတွေက ပိုများပါတယ်။ အဲဒီသီလစတဲ့ ဂုဏ်တွေကြောင့်
လူပုဂ္ဂိုလ်တွေက မိမိထက် ဂုဏ်အားဖြင့် သာလွန်တဲ့
“ရဟန်း၊ သာမဏေ၊ သီလရှင်တွေ”ကို ရှိခိုးကြခြင်းဖြစ်ပါတယ်။
သီလရှင်၊ အမျိုးသမီး ဆိုတဲ့ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့ လိုပါတယ်။
မျက်မှောက်ခေတ် မြန်မာပြည်မှာ ရှိတဲ့သီလရှင်တွေဟာ
အနည်းဆုံး “ရှစ်ပါး သီလ”ကို စောင့်ထိန်းကြတဲ့အပြင်
မြတ်စွာဘုရား တရားတော်တွေကို သင်အံလေ့ကျက်
ပို့ချဟောပြောပေးနေတဲ့ သူများဖြစ်တဲ့အတွက်
သူတို့ကိုလည်း တစ်နည်းအားဖြင့် “ဓမ္မစေတီထိုက်တဲ့သူ”များဟု
ဆိုနိုင်ပါတယ်။ ဒါကြောင့် သာမန်နေ့စဉ် ငါးပါးသီလတောင်
လုံခြုံအောင် စောင့်ထိန်းဖို့ ခက်တဲ့လူပုဂ္ဂိုလ်တွေ ထက်စာရင်
သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေမြင့်တဲ့ သီလရှင်ကို
ရှိခိုးထိုက်ပါတယ်။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့၊
ဂုဏ်ကို အာရုံပြုပါ။ အမျိုးသမီးဆိုတဲ့ အစွဲလည်းမထားပါနဲ့။
အဲလို အစွဲထားရင် ကိုယ့်အဒေါ်တွေ၊ အမတွေလည်း
အမျိုးသမီးတွေပဲ သူတို့ကိုတောင် သီတင်းကျွတ်၊
နှစ်ကူးစသည်မှာ ကန်တော့ကြသေးတာပဲ။
သီလရှင်ဆိုပိုတောင် ကန်တော့ကောင်းပါသေးတယ်။
ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ။
ကုသိုလ်တောင် ဖြစ်ပါသေးတယ်။

သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ “တပည့်တော်”လို့ သုံးသင့်ပါတယ်။
တကယ်တော့ စကားအပြောအဆို ဆိုတာတွေက ပညတ်ချက်တွေပါ။
သူနိုင်ငံ သူ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့
ဓလေ့ထုံးစံများ ဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရ
သီးခြားသတ်မှတ်ချက်လေးတွေ ရှိနေတဲ့အပြောအဆိုလေးတွေ
လိုက်ပြီး သုံးသင့်ပါတယ်။ ဒါလည်းပဲ အပြစ်မဖြစ်ပါဘူး။

မြတ်စွာဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါ
အရိုးစွဲနေပြီးဖြစ်တဲ့ အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကို
လိုက်ပြီးသုံးနှုန်း တရားဟောတာတွေ ရှိပါတယ်။
ဒါကြောင့်် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့
လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်းများရဲ့ အသုံးအနှုန်းလေးတွေကို
လိုက်ပြီးသုံးသင့်ပါတယ်။ တစ်ဘက်ကလည်း ဒီလို
သုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနှိိမ့်ချရာ ရောက်သလို
ကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို အရိုအသေပြုရာလည်း
ရောက်ပါတယ်။ ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့
အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်း
အကြံပြုလိုက်ပါတယ်။
မေတ္တာဖြင့်
-【ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)】

Leave a Reply