ပြာသိုလပြည့်နေ့ (ရှင်တစ်ထောင်အခါတော်နေ့) အကြောင်း မှတ်သားဖွယ်ရာ

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့ အဖြစ် သိသူ ရှားပါး ပေလိမ့်မည်။ ဤသို့ သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကို ချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင်

သွားရောက်ခဲ့ပါသည်။ ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် သီတင်းသုံးလျှက် ရသေ့များအား စည်းရုံးခဲ့ပါသည်။ ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ၊ ညီငယ် ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင်သီတင်းသုံးနေကြသည်။ ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။ ရသေ့အားလုံးပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿပနှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်း စသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။ ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြကုန်၏။ ၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလသမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။ ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကို တစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေပများငြိမ်း၍မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်စုစုပေါင်း (၃၅၁၆)မျိုးကို ပြသ၍ ရသေ့များအား ဆွဲဆောင်တော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ သည့်နောက် ရှင်တစ်ထောင် (ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ “အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာ” ကို ဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြလေတော့သည်။ ထိုနေ့သည်ကား ပြာသိုလပြည့်နေ့ ဖြစ်လေသည်။ ရှင်အပါးတစ်ထောင် ဗုဒ္ဓသာသနာအတွင်း ဝင်ရောက်ခဲ့သည်ကို အကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က ” ရှင်တစ်ထောင် အခါတော်နေ့” ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။ ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများအားလုံးလည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့် ဘုရားရှင်ဟောကြားဆုံးမသော ဒါန သီလ ဘာ၀နာတရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယတွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ ဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

Leave a Reply