နယုန်လပြည့်နေ့ – မဟာသမယနေ့ အကြောင်းသိကောင်းစရာ

နယုန်လပြည့်နေ့ – မဟာသမယနေ့ 

နယုန်လပြည့်နေ့ကို  ဗုဒ္ဓဘာသာဝင်သူတော်စင်တွေက မဟာသမယ အခါတော်နေ့ အဖြစ် အလေးအမြတ်ထားခဲ့ကြပါတယ်။ နယုန်လပြည့်နေ့မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်ဟာ များပြားလှစွာသော နတ်ဗြဟ္မာ ပရိသတ်တို့ကို မဟာသမယ သုတ် တရားတော် ကိုဟောကြားတော်မူခဲ့တဲ့နေ့ လဲဖြစ်ပါတယ်။ မဟာဆိုတာကတော့ ကြီးကျယ်မြင့်မြတ်ခြင်း၊ သမယ ဆိုတာ အချိန်-အခါ-ကာလ ဖြစ်ပါတယ်။

 

ကျေးဇူးတော်ရှင် မြတ်စွာဘုရားသခင်သည် ဘုရားဖြစ်တော်မူပြီး စတုတ္ထဝါ-အရောက်မှာ မဇ္စျိမဒေသမှာ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်မင်းသားတွေက ရောဟဏီမြစ်ကရေကို သူတို့ရဲ့ စပါး စိုက်ပျိုးခင်းတွေ အတွက် လုကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ သူယူမယ် ငါယူမယ် ဆိုပြီးညင်းကြခုန်ကြရာက စစ်ခင်းကြမဲ့အခြေ အနေအထိ ရောက်ခဲ့ရပါတယ်။ ငယ်ကျိုး ငယ်နာတွေလည်းအပြန်ပြန်အလှန်လှန်ဖော်ကြ နဲ့ တင်းမာနေတဲ့ အချိန်ဖြစ််ပါတယ်။

 

အဲလိုအချိန်ကာလသမယမှာ မြတ်စွာဘုရားရှင် ကြွရောက်တော်မူလာပြီး “အဖိုးမတန်တဲ့ ရေ အတွက်နဲ့ အဖိုးတန်တဲ့ သင်တို့ အသက်တွေ ဆုံးရှုံးခံတော့မလို့လား” မေးမြန်းတော်မူပါတယ်။

 

ဘုရားရှင်က မေးခွန်းထုတ်လိုက်တော့ အသိတရားဝင်လာကြ ပြီး။ ငြိမ်းချမ်းရေး ရှေးရှုတဲ့ ရန်ပြေ မာန်ပြေ တရားတော်ကို နာယူလိုက်တဲ့အခါ အသိဉာဏ်အမြင်မှန်ရရှိပြီးပြေငြိမ်းအေးချမ်းခြင်းကို ရရှိခဲ့ရပါတော့တယ်။

တစ်ဘက်စီမှ ၂၅၀ စီသော နှစ်ပြည်ထောင်မင်းသား ၅၀၀ တို့ဟာလည်း ဘုရားရှင်ရဲ့သာသနာ တော်ကိုဝင်ပြီး ရဟန်းပြုခဲ့ကြပါတယ်။

 

အဲဒီရဟန်းတွေဟာ သာသနာတော်မှာမပျော်ပိုက်ကြတဲ့အတွက် ဟိမဝန္တာတော အတွင်းက အလွန် မွေ့လျော်ဖွယ်ကောင်းတဲ့ ကုဏ္ဍလာအိုင် သို့ခေါ်ဆောင်ကာ ဂါထာသုံးရာဖြင့် တန်ဆာဆင်အပ်သော ကုဏ္ဍလငှက်မင်းရဲ့ ဇာတ်ကြောင်းကိုဟောကြားတော် မူခဲ့ပါတယ်။ အဲဒီဇာတ်တော် အဆုံးမှာတော့ ရဟန်း ၅၀၀ တို့ဟာသောတပတ္တိဖိုလ်၌ တည်တော်မူခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတော် ၅၀၀-နဲ့အတူ ကပိလဝတ် ပြည်ရဲ့အနီးမှာရှိတဲ့ မဟာဝုန်တောကို ကြွချီတော်မူခဲ့ပါတယ်။ မဟာဝုန်တောမှာ ကမ္မဋ္ဌာန်းကိုပေးတော့ မကြာမြင့်တဲ့ကာလအတွင်းမှာ အရဟတ္တဖိုလ်ကို ဆိုက်ရောက် တော်မူကြပါတယ်။ အဲဒီရဟန်း-၅၀၀ တို့ဟာ မိမိ တို့ရရှိထားတဲ့ တရားထူးကို လျှောက်ထားဘို့အတွက် နဲ့ ဘုရားရှင်ကို ဖူးမျှော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ စုရုံးရောက်ရှိ လာကြပါတယ်။

 

အဲလိုညချမ်းအချိန်လေးမှာ ရဟန္တာ ၅၀၀-တစ်စုတစ်ဝေးတည်း စုစည်းနေတာ အလွန့်အလွန် ကြည်ညိုဖွယ် ကောင်းလှပါတယ်။ အဲလိုထူးခြားစွာ ကြည်ညိုဖွယ်ရာ သံဃာ့ အစည်းအဝေးကို တွေ့မြင် ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးတို့ တွေဟာ မဟာဝုန်တော ကို စုရုံးရောက်ရှိလာကြပါတယ်။

 

အဲလို ပရိသတ်တွေစုဝေးတဲ့အချိန်မှာ မြတ်စွာဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ဗြဟ္မာ တွေရဲ့ အမည် ။အမျိုးအနွယ်၊ တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို သိစေလိုတဲ့အတွက် အမျိုးတူအလိုက်စုပေါင်းကာ— အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက်စကား မိန့်ကြားတော်မူ ပြီးမှသာ မဟာ သမယသုတ်တော်ကြီးကိုဟောကြားတော်မူခြင်းဖြစ်ပါတယ်။

 

မဟာသမယ-သုတ်ကို ဒေဝတာပီယ-နတ်တ်ုိ့ချစ်ခင် မေတ္တာဝင်၊သုတ်တွင်-မဟာသမယလို့ လည်းခေါ်ပါတယ်။

ထို့နောက် မိမိတို့၏ စရိုက်အလိုက် အောက်ပါ သုတ္တန်များကိုလဲ ဟောကြားခဲ့ပါတယ်။

 

၁။ရာဂစရိုက်-အားကြီးသူအတွက်—(သမ္မာပရိဗ္ဗာဗနိယသုတ်)

၂။ဒေါသစရိုက်-အားကြီးသူအတွက်—(ကလဟဝိဝါဒသုတ်)

၃။မောဟစရိုက်-အားကြီးသူအတွက်—(မဟာ ဗျူဟသုတ်)

၄။ဝိတက်စရိုက်-အားကြီးသူအတွက်—(စူဠ ဗျူဟသုတ်)

၅။သဒ္ဓါစရိုက်-အားကြီးသူအတွက်—(တုဝဋကသုတ်)

၆။ပညာစရိုက်-အားကြီးသူအတွက်—(ပုရာဘေဒသုတ်)

 

တရားတော်မြတ်အဆုံးမှာတော့ နတ်၊ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ အရဟတ္တဖိုလ် သို့ရောက်ရှိကြ ပါတယ်။ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ် ရောက်ကြသောနတ်ဗြဟ္မာ တို့ကား ရေတွက် လို့တောင်မရနိုင်လောက်အောင်များပြားခဲ့ပါတယ်။

 

ဒါကြောင့် နယုန်လပြည့်ရဲ့ထူးခြားမှုတွေကို  ခြုံငုံရရင် —-

 

၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့ ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေခြင်း။

၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင် စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး ငြိမ်းချမ်းရေးရ တဲ့နေ့ဖြစ်ခြင်း။

၃။ ရဟန်း-၅၀၀-လုံး ရဟန္တာဖြစ်တော်မူ တဲ့နေ့ဖြစ် ခြင်း။

၄။ နတ်၊ဗြဟ္မာ၊အသူရာ၊ဂဠုန်၊နဂါးများ ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။

၅။ မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော ဂဋ္ဌုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက်     ဝင်သောနေ့ဖြစ်ခြင်း။

၆။ မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

စသည်ဖြင့် ပြည့်စုံနေပါတယ်။

 

သည်လိုနေ့ထူးနေ့မြတ်မှာ မငြိမ်းချမ်းသောနေရာများကိုမေတ္တာပို့သလို့ မဟာသမယသုတ်တော် ကို ရွတ်ဆိုပူဇော်ရင်း ငြိမ်းအေးစေကြာင်း ဆုတောင်းမေတ္တာပို့သနိုင်သလို အပြီးတိုင်း ငြိမ်းအေးရာ အမှန် မြတ်နိဗ္ဗာန်သို့ ရောက်ရာရောက်ကြောင်း အထောက်ပ့ံကောင်းများ ဖြစ်သည့် ဒါနအမှု့၊ သီလအမှု့၊ ဘာဝနာအမှု့များကို တက်အားသ၍ ပြုလုပ်ကြပါရန် အထူးပင်တိုက်တွန်း နှိုးဆော်အပ်ပါသည်။

 

မှီငြမ်း။    ။  http://www.thitsaralin.org/2011/06/blog-post_17.html
Photo Credit: All About Myanmar

Leave a Reply